Wednesday, 24 September 2008

ပထမဆုံး နောက်ဆက်တွဲများ


ရေးသူ- အောင်ခင်မြင့်
(ရယ်စရာ မောစရာ ဘ၀အတွေ့အကြုံ)


(အကိုကြီး ကိုအောင်သာငယ် စလိုက်တဲ့ ဘ၀ တစ်ခုရယ့် ပထမဆုံး ဇာတ်လမ်း
က မပြီးသေးဘဲ နောက်ဆက်တွဲတွေ တက်လာ ပါတယ်။ ဒီနေရာမှာ ကျနော့်
သဘောက တော်ကြာ ရေးနေရင်နဲ့ အတ္တုပ္ပတ္တိ သဘော ဖြစ်နေမှာလည်း ဆိုးမိ
ပါတယ်။ ကျနော်ကတော့ ရယ်စရာ မောစရာ ပျော်စရာ တစ်ခုအဖြစ် ဆက်လက်ပြီး
တင်ပြလိုက် ပါတယ်။)

ပထမဆုံး ဖတ်ဖူးသော ရုပ်ပြ စာအုပ်- မျောက်သုံးကောင် (ကာတွန်း
သော်က။)
ပထမဆုံး ပစ်ဖူးသော သေနတ်- ဘုရားဈေးက ၀ယ်လာတဲ့ ၀ါးသေနတ်။
ပထမဆုံး ကစားဖူးတဲ့ ကစားနည်း- တူတူပုန်းတမ်း။
ပထမဆုံး ရုပ်ရှင်ကြည့်တဲ့ နေရာ - “တုံချမ်” လို့ ခေါ်တဲ့ တွန်းလှည်းကြီး
ပေါ်မှာပါ။ အဲဒါကို ကလေး ရုပ်ရှင်ရုံလို့လည်း ခေါ်ပါတယ်။ တစ်လမ်းဝင်
တစ်လမ်းထွက်နဲ့ လိုက်ပြတဲ့ ရုပ်ရှင်ရုံ တွန်းလှည်းပါ။ သံဘော်ဒီနဲ့ လုပ်ထား
ပြီး အောက်ခံ တွန်းလှည်းပေါ် တင်ထားပါတယ်။ တစ်ခါ ကြည့်ရင် ကလေး
၁၀- ယောက်လောက် ကြည့်လို့ ရပါတယ်။ နေလုံ မိုးလုံ ရုပ်ရှင်ရုံ အသေးစား
ပါ။ ရုပ်ရှင်ပြ သမားက တိတ်ခွေကိုလက်တဖက်နဲ့ လှည့်ပြီး၊ သူ့ပါးစပ်က အသံ
မျိုးစုံ ထွက်ပြ ရပါတယ်။ တီးလုံး အနေနဲ့ ကြေးလင်ပန်းကို ကျန်လက်တစ်ဖက်
နဲ့တီးလိုက်ရင် “ချမ်” လို့ အသံထွက် လို့ “တုံချမ်” လို့ ခေါ်တာပါ။ ၈၈ ခုနှစ်
နောက်ပိုင်းမှာ အဲဒါမျိုး ပျောက်ကွယ်သွားပါတယ်။ အရင် မဆလ ခေတ်က
မွေးတဲ့ သူတွေကို မေးကြည့်ပါ။ ဇာတ်လမ်းက အစ အဆုံး မပြပါ။ ကောင်းကွက်
တွေကို ရွေးပြီး မိနစ် ၂၀ သို့မဟုတ် နာရီဝက်လောက်ဘဲ ပြပါတယ်။




ပထမဆုံး အစအဆုံး ကြည့်ဖူးတဲ့ ရုပ်ရှင်- လေလွင့်လိပ်ပြာ (သရဲကားပါ။)
မဆလ ခေတ်တုန်းက မော်ကွန်းရုပ်ရှင်လို့ ခေါ်တဲ့ အစိုးရ အစီအစဉ်နဲ့ ဆင်
ခြေဖုံး ရပ်ကွပ်တွေမှာ လိုက်ပြပါတယ်။ အဲဒီ သရဲကား ကို ကြည့်ပြီး ညဘက်
အိမ်သာ သွားရင် “ရဲရဲတောက် တို့ဗမာတွေ သတ္တိခဲတွေ … ရာဇတ်ဝင်ထွန်း
တောက် .. အောင်စွမ်းနေ … ” စစ်သီချင်း အော်ဆိုပြီး အိမ်သာ ကို သွားခဲ့
ပါတယ်။ ကြောက်လို့ အသံပေးပြီး အိမ်သာ တက်ခဲ့တာပေါ့။
(နောက်ပိုင်း သရဲကားတွေကို မဆလ အစိုးရက ပိတ်ပင်ခဲ့ပါတယ်။)

ပထမဆုံး နားထောင်ဖူးသော ကတ်ဆက်ခွေ ဇာတ်လမ်း- ဗိုလ်အောင်ဒင်။
(“ဒီမယ် ရာမ ဗိုလ်လုပ်ချင်တဲ့ ကောင်ဆိုတာ သေနတ်ကို ဒီလို ပစ်တတ်
ရတယ်” လို့ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ကော်လိပ်ဂျင်နေ၀င်း က
အသံနဲ့ သရုပ်ဆောင်တဲ့ ဇာတ်လမ်းပါ။)
ပထမဆုံး ဖတ်ဖူးသော နိုင်ငံခြား ၀တ္ထု- Wuthering Height ။
(ကျနော်တို့ ၁၀ တန်း ကျောင်းသား ဘ၀က သင်ရိုး စာအုပ်ပါ။)

ပထမဆုံး ကျောင်းပြေးခြင်း- ဇွန် ၂၁၊ ၁၉၈၈ ခုနှစ်။
ကျနော်တို့ မိသားစုက ကျောင်းမတက်ချင်ရင် အိမ်မှာ အိပ်နေလို့ ရပါတယ်။
ကျောင်းပြေးတာကို လုံးဝ လက်မခံပါဘူး။ အဲဒီနေ့ ကျောင်းပြေးခဲ့တာက
ကျနော့် ဘ၀ကို စတင် ပြောင်းလဲ ခဲ့ပါတယ်။ မှတ်မိသမျှ လွန်ခဲ့သော အနှစ်
၂၀ (ပထမ ပိုင်း) မှာ ဖတ်ကြည့်ပါ။

ပထမဆုံး လုပ်ခဲ့ဖူးသော အနုပညာ -(ဂစ်တာ တီးခြင်း၊ သင်တန်း တက်ခြင်း၊
စင်မြင့်ပေါ်တွင် သီဆို တီးခတ်ခြင်း၊ ၀ယ်ယူ နားထောင်ခြင်း။)
“စစ်တုရင်” ထိုးခြင်း မှ လွဲ၍ ကျနော် ဘာကိုမှ စိတ်မ၀င်စား ခဲ့ပါ။ အချိန်ရှိ
သရွေ့ စစ်တုရင် နဲ့ဘဲ ကုန်ဆုံး ခဲ့ပါတယ်။ ဘောလုံးလည်း မကန်တတ်ပါ။
ခြင်းလုံးလည်း မခတ် တတ်ပါ။ ဂစ်တာတို့ သီချင်းစာအုပ်တို့၊ တိတ်ခွေတို့ ဆို
တာ ကျနော်နဲ့ ဝေးပါတယ်။ အခုမှ သောတရှင် ပရိတ်သတ်ပါ။
ပထမဆုံး နားထောင်ဖူးသော စာပေဟောပြောပွဲ- ဆွမ်းဆန်စိမ်း လောင်းပွဲ
အထိန်းအမှတ်။ (၁၉၉၃ ခုနှစ်၊ သြဘာလမ်း အလယ်ပိုင်း၊ ကျောက်မြောင်း၊
တာမွေမြို့နယ်။ ဟောပြောသူ- ဆရာ တက္ကသိုလ်နေ၀င်း၊ ဆရာ နန္ဒသိန်းဇံ၊
ဆရာကြီး ဦးရွှေအောင်။)

ပထမဆုံး တွေ့ဆုံဖူးသော သတင်းစာဆရာ- တိုးတက်ရေး သတင်းစာ
အယ်ဒီတာဟောင်း အဘ တိုးတက်ရေး သခင်အုံးမြင့်နဲ့ (၁၉၈၈- ၈၉)
ခုနှစ် တွေတုန်းက ဖြစ်ပါတယ်။

ပထမဆုံး နားထောင်ဖူးသော နိုင်ငံရေး တရားပွဲ- ကိုမိုးသီးဇွန်။
(ဇွန် ၂၁၊ ၁၉၈၈ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ပင်မ။)

ပထမဆုံး စကားပြောဖူးသော နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်- ဒေါ်အောင်ဆန်း
စုကြည်။ (ဒေါ်ခင်ကြည် ဈာပန၊ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ။)

ပထမဆုံး ပါဝင်ဖူးသော အစည်းအရုံး - မ.က.ဒ။ ဒေါက်တာမောင်မောင်
လက်ထက်မှာ လက်ရှိ အဖမ်းခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်း
ဆောင် ကိုမင်းဇေယျာကြီးနဲ့ ကိုဌေးကြွယ်တို့ ဦးဆောင်တဲ့ (မြန်မာနိုင်ငံ
လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့)။
စစ်တပ် အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ အ.က.သ (အခြေခံပညာ
ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်တိုင်း။) မှာ ဆက်လက် ပါဝင် ခဲ့ပါတယ်။

ပထမဆုံး စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်- ကျနော်ရေးထားပါတယ်။
(မှတ်မိသမျှ လွန်ခဲ့သော အနှစ် ၂၀၊ တတိယပိုင်း နဲ့ စတုတ္ထပိုင်း ။)

လာဖတ်သူ အားလုံးလည်း ဒီလောက်ဆို ကျေနပ်မယ်လို့ ထင်ပါတယ်။
အရင်က တင်ပြထားတဲ့ “ပထမဆုံးများ” ကို ဒီနေရာက နေ ပေါင်းဖတ်လိုက်
ရင် ကျနော့်ရဲ့ ပထမဆုံးတွေ ပြည်စုံပြီလို့ ထင်ပါတယ်။

12 comments:

Anonymous said...

အမေစုနဲ့ စကားပြောဖူးတာပဲ ကံကောင်းလိုက်တာ ။

ATN said...

ကိုအောင်ရေ ဒီအတိုင်းဆို ပထမဆုံးများ (နောက်ဆက်တွဲ) - ဒုတိယပိုင်း - ဆိုပြီး ထပ်ရေးရတော့မယ်ထင်တယ်း)
ဒါမဲ့ တော်လောက်ပါပြီနော

စူး said...

ပထမဆုံး...
ပထမဆုံး။။ဆိုတာ ဘဝမှာ စတွေ့တဲ့ စလုပ်တဲ့အရာအားလုံးက ပထမဆုံးပဲဗျ

kay said...

အား..နောက်ဆက်တွဲကမှ- တကယ့် ပထမကြီးတွေပဲ။

ကိုအောင် said...

မောင်မျိုး၊ အကိုကြီး ကိုအောင်သာငယ်၊ မမြတ်နိုး၊
မကေတို့ အခုလို လာပြီး ကော်မန့် ပေးကြတဲ့
အတွက် ကျေးဇူး ကမ္ဘာပါ။

လင်းထက် said...

အင်း ကိုအောင်ပြောမှ အဲဒီ တုံချမ် ရုပ်ရှင် ရုံလေး တွေ ကို ပြန်သတိရတယ် ဗျာ ခုခေတ် လူငယ်တွေကတော့ မြင်ဖူးမှာ မဟုတ်ပါဘူး

ကိုအောင် said...

လင်းထက်က တုံချမ်အကြောင်းသိတော့ တော်ပါသေးရဲ့
လူငယ်တွေက မသိတော့ ကျနော်လည်း ရေးသာရေးပြ
ရတယ် ဘယ်လို ရှင်းပြရမလဲ ဖြစ်နေတာ လင်းထက်ရေ
ကျေးဇူးနော် ကော်မန့်အတွက်

ထွန်း said...
This comment has been removed by the author.
ထွန်း said...

တုံချမ်ရုပ်ရှင်ကို အောင်းမေ့ပါသဗျ

အိုးဝေအောင် said...

တုံချမ်ရုပ်ရှင်ကို အီးပေါက် ရုပ်ရှင် လို .
ခေါ် သေး တယ်ထင်တယ် .....

ကိုအောင် said...

ဂျေနဲ့ ကိုအိုးဝေတို့ရေ လွမ်းစရာ တုံချမ် လေးပါ။
ကော်မန့် လာရေးပေးလို့ ကျေးဇူးပါ။

nothing said...

ကိုအောင်ရေကျနော်လည်းအဲဒီတုံချမ်းဆိုတာကိုရေးရေးတော့
မှတ်မိသေးတယ်ဗျ၊ကျနော်အသက်(၇)နစ်အရွယ်လောက်မှာ
ကျနော်တို့မြို့ကဘုရားပွဲတွေမှာလာပြတတ်တာကိုမှတ်မိနေ
သေးတယ်။