Sunday, 28 September 2008

မြစ်ကူးခရီး (ဇာတ်သိမ်းပိုင်း)

ရေးသူ- ဂျူး


လေကြောင်း ပြောင်းသွားလို့လား။ လေမတိုက် တော့လို့လား။ သောင်ခုံ ကမ်းအနီး
တွင် လှေသမားက ရွက်ကို ရုတ်သိမ်းလိုက်သည်။ လှော်တက်ကို မြစ်အောက် ကြမ်း
ပြင်သို့ ထောက်ပြီး လှေကို တွန်းယူ ရွေ့သည်။ မြစ်အောက်ခြေ ကြမ်းပြင်က လှော်
တက် တစ်လျားတောင် မနက်တော့ပါ။ ထိုအခါကျမှ ကျွန်မ ရေပြင်ကို ငုံ့ကြည့်မိ
သည်။ မြစ်အောက်ခြေကို ကျွန်မ မြင်နေရ၏။ ကျောက်စရစ်ခဲတွေနှင့်။ ကျွန်မ ပျော်
သွားသည်။ စိတ်လည်း ပေါ့ပါးသွားသည်။ အခုလို ရေမှာတော့ ကျွန်မ ရေမနစ်နိုင်
တော့ဘူး။ ခြေထောက်ထောက် ရပ်လိုက်လျှင် ကျွန်မ၏ ခါးလောက်တောင် နက်မှာ
မဟုတ်ပါ။ ကျွန်မ၏ လက်ကို ရေပြင်ထဲ နှစ်လိုက်ပြီး အောက်ခြေကို လက်ဖျားဖြင့်
ထိကြည့်သည်။ ကျောက်စရစ်ခဲ တစ်ခုတလေကို ဆွဲနုတ်ယူဖို့ ကြိုးစားသည်။ သို့သော်
လှေအသွားနှုန်းက ခပ်မြန်မြန် ဖြစ်နေလို့လား ရေစီးကြောင့်လား ကျွန်မ ကျောက်ခဲ
တစ်လုံးမှ မမိပါ။

ထို့ကြောင့် လှေဝမ်းသည် ပို၍ တိမ်းသော မြစ်ကြမ်းခင်းဆီ ရောက်လာသည်။ ကျောက်
စရစ်ခဲတို့နှင့် ပွတ်တိုက်သံလိုလို တဂျစ်ဂျစ် ကြားရသည်။ ကျွန်မသည် နွေရာသီ မြစ်
ကြောင်းကို သည်လောက် တိမ်တိမ်လေးမှ တစ်ခါမှ မကူးသန်းဖူး သဖြင့် အထူးအဆန်း
ဖြစ်ပြီး စိတ်ပေါ့ပါးလျက်ရှိသည်။

ခဏအကြာမှ လှေသမားက မြစ်ထဲသို့ ဆင်း၏။ မိန်းကလေးက လှေပဲ့ပိုင်းသို့ ပြောင်း
ထိုင်လိုက်၏။ ဒူးဆစ်လောက်သာ ရှိသော ရေပြင်မှ ပိုပိုတိမ်ရာ ကမ်းစပ် သောင်ခုံသို့
လှေသမားလေး ကူးသွားသည်။ သူ့လက်ထဲမှာ ကြိုးရှည်ရှည် တစ်ချောင်း။ ထိုကြိုးကို
ကိုင်လျက် သူက သောင်ခုံအစပ် ရေတစ်ဝက် ကုန်းတစ်ဝက်တွင် လမ်းလျှောက်သွား
သောအခါ ကျွန်မတို့၏ လှေသည် သူ ဦးတည်ရာသို့ လိုက်ပါသွား၏။ လှေက ရေပြင်
တိမ်တိမ်ပေါ်မှာ။ လှေပေါ်မှာ ခရီးသည် သုံးဦးနှင့် မိန်းကလေး စုစုပေါင်း လေးယောက်
ပါသည်။ အာလူးအိတ်၊ ဈေးခြင်းတောင်း၊ အ၀တ်အိတ်တို့ ပါသည်။ ထိုအလေးချိန်ကို
လှေသမားလေးက ခါးကိုင်းအောင် ဆွဲနေခြင်း ဖြစ်သည်။ ကျွန်မ မနေတတ် မထိုင်တတ်
ဖြစ်လာသည်။ စိတ် မသိုးမသန့် ဖြစ်လာသည်။ ကျွန်မ၏ လှေခရီးတွင် အဲသည်လို လူ
က ဆွဲယူရသည့် ဖြစ်စဉ် ပါလိမ့်မည်ဟု မတွေးခဲ့မိ။




အပေါ်မှ နေက စူးစူးရှရှ။ အောက်ဘက်မှာက ကိုယ်တစ်ပိုင်း ရေစိုရွှဲလျက် ဖိနပ်မပါ၊
သောင်ခုံတန်းအစပ်မှာ အားသွန်ခွန်စိုက် လှေကို လိုရာသို့ ကြိုးရှည်ရှည်ဖြင့် ဆွဲရင်း
လမ်းလျှောက်နေသော လှေသမားငယ်ကို ကျွန်မ အားနာစကား ဘယ်လိုပြောရမှန်း
မသိ။ ကျွန်မလည်း ထိုသောင်ခုံမှာ လမ်းလျှောက်ဆိုလျှင် လျှောက်နိုင်သားပဲ။ ရေထဲ
ဆင်းသွားပြီး လမ်းလျှောက်လိုက်ရမလား။ ကျွန်မထဘီ ဒူးဆစ်ကျော်အထိ ရေစိုလိမ့်
မည်။ သို့သော် ကျန်ခရီးသည် နှစ်ယောက်ကတော့ ဘာမှ မခံစားရလေဟန် ရှိသည်။
အဒေါ်ကြီးက အိပ်မငိုက်တော့ဘဲ ဘေးဘီကို ကြည်လျက် ဆေးပေါ့လိပ်ကို ဖွာလျက်။
ခရီးသည် ယောက်ျားကလည်း လှေသမား၏ ၀န်ကို သူပါဝင်ဆွဲလျှင် ကောင်းမလား
ဟူသည့် အတွေးမျိုး တစ်စက်မျှ မတွေးမိဟန် ရှိသည်။ ပဲ့ပိုင်းမှ မိန်းကလေးကို ကျွန်မ
လှမ်းကြည့်လိုက်၏။ မိန်းကလေးသည် လှော်တက်ဖြင့် ပဲ့ကိုင်ရင်း သူ့ယောက်ျားရှိရာ
သို့ ကြည့်လိုက် မျက်နှာချင်းဆိုင်တည့်တည့် ရေပြင်ကို ကြည့်လိုက်ဖြင့် ခပ်အေးအေး
ပုံစံရှိသည်။ ယောက်ျားကို ကြည့်သည့် အကြည့်မှာ သနားကရုဏာ အရိပ်အယောင်
ကိုမတွေ့။ အားနာမှုကို မတွေ့။ ချစ်ကြင်နာမှုလည်း မတွေ့။ အလုပ်တစ်ခုကို ပြီးစီး
အောင် နှစ်ယောက်ပေါင်းပြီး လုပ်ရမည်ဟူသည့် တာဝန်ယူ သူတစ်ယောက်၏ မျက်
နှာထားမျိုးသာ ရှိသည်။

လှေသမားလေးက ကြိုးကို လက်နှစ်ချောင်းဖြင့် ဆွဲရုံနှင့် မနိုင်တော့ဟန်ရှိ၏။ သူ့
ပခုံးပေါ်မှာ ကြိုးကို ထမ်းလျက် ဆွဲနေသည်။ လှေသမားလေး သီချင်းမဆိုနိုင်တော့ပြီ။

လှေတစ်စင်းလုံးနှင့် လူတွေ၏၀န်ကို ထမ်းထားရသည့် လှေသမားလေး နေရာတွင်
ကျွန်မ၏ ချစ်သူသာဆိုလျှင်၊ မှန်းဆ မြင်ယောင် ကြည့်လိုက်မိသည့်အခါ ကျွန်မရင်
ထဲမှာ စူးစူးနစ်နစ် နာကျင်သွားသည်။ ထိုချစ်သူနှင့် မကြာခဏ ကတောက်ကဆ
စကားများရသည်ကို စိတ်ကုန် နေစေဦးတော့၊ နေရာတကာ ဆရာလုပ်လွန်း
လှသည်ဟု စိတ်ကုန်နေစေဦးတော့။ ကျွန်မ ဘယ်လို နှလုံးသားမျိုးဖြင့် လှေဝမ်း
ထဲမှာ တည်တည်ငြိမ်ငြိမ် ထိုင်ပြီး လိုက်ပါနိုင်ပါ့မလဲ။ ဟိုမှာက ပခုံးပေါ်မှာ ကြိုးကို
သည်အတိုင်း တင်ပြီး ဆွဲနေပြီလေ။ လှေတစ်နေရာရာမှာ ပုဆိုးပိုင်းလေး မျက်နှာ
သုတ်ပုဝါ ပိုင်းလေးမှ မရှိဘူးလား။ ထိုအ၀တ်ခေါက်လေးကို သူ့ပခုံးပေါ်မှာ ကြိုး
အောက်ကနေ ခုခံပေးဖို့ ကျွန်မတွေးမိသည်။ ဒါက နေ့စဉ်လုပ်နေကျ ၀တ္တရား
ဆိုလျှင် ပိုလို့တောင် ခုဖို့အဆင့်သင် ပြင်ထားရဦးမည်။ အခုတော့ ကျွန်မ ရှာ
သမျှမှာ ပုဆိုးပိုင်းလည်း မတွေ့၊ မျက်နှာသုတ် ပုဝါပိုင်းလည်း မတွေ့။ ကျွန်မ
ရင်ထဲမှာ ကျင်ခနဲနာသွားသဖြင့် သူ့ထံမှ မျက်နှာလွှဲလိုက်မိ၏။ အားနာစရာကြီး
ပေါ့ ရေပြင်ကိုသာ ငုံ့ကြည့်ပြီးလိုက်လာမိသည်။ ဘယ်လို ဇနီးပါလိမ့်။ ခင်ပွန်းက
ဝန်တစ်ခုလုံးထမ်းပြီး သဲသောင်ပူပူမှာ ဖိနပ်မပါ ကိုယ်အောက်ပိုင်း စိုရွှဲပြီး ကြိုးဖြင့်
ဆွဲနေသည့် လှေပေါ်မှာ လှော်တက်ဖြင့် ပဲ့ကိုင်လျက် အေးအေးလူလူ လိုက်ပါ နိုင်
သတဲ့လား။

သံကိုင်းကို ရောက်ဖို့ အတော်လိုသေးသည်။ လှမ်းတော့ မြင်နေရပြီ။ သို့
သော် လှမ်းမြင်နေရသည့် အစိမ်းရောင်စုစုကမ်းပါးဆီသို့ ရောက်အောင် နှစ်
ကွေ့လောက် ကွေ့ပြီး လှော်ရဦးမည်။ ဆယ့်ငါးမိနစ် မိနစ် နှစ်ဆယ်လောက်
သောင်ခုံတန်းမှာ လှေကို ဇွဲဖြင့်ဆွဲလာပြီးသောအခါ သောင်ခုံတန်းအဆုံးတွင်
လှေသမားလေးက လှေဆီသို့ ပြန်လာ၏။ ကျွန်မ၏ လေးပင်နေသော နှလုံး
က ပြန်လည်ပေါ့ပါးသွားပါသည်။ တော်ပါသေးရဲ့။ လှေသမားလေးက ကျွန်မ၏
စိတ်မသက်သာမှုကို ခံစားမိလေဟန်ဖြင့် ကျွန်မကို ပြုံးပြသည်။ ကျွန်မလည်း
သက်ပြင်းချပြီး သူ့ကို ပြုံးပြလိုက်ပါသည်။

နောက်ထပ် မြစ်ပြင်ကျယ်ကျယ်ကို လှေလှော်ကြရ ပြန်လေသည်။ အနောက်ဘက်
ကမ်းပါးနှင့် နီးရာမှာ လှော်ခြင်းဖြစ်သည်။ အရှေ့ဘက်ကမ်းကိုတော့ အလယ်ကျွန်း
သောင်ခုံကိုကျော်လျက် မှုန်ပျပျ လှမ်းမြင်နေရသည်။

ဟောဟိုမှာ သံကိုင်း။ ကျွန်မ မြင်နေရသည့် သံကိုင်းမှာ လွန်ခဲ့သည့် ဆယ်နှစ်က
မြင်ခဲ့သည့် သံကိုင်းနှင့် ခြားနား နေသလိုရှိသည်။ လှေသည် တရွေ့ရွေ့နှင့် ကမ်းပါး
ဆီသို့ နီးနီးလာသည်။ အရင်က သံကိုင်းသည် ကမ်းပါးပြတ်ကြီး တော်တော်မြင့်၏။
အခုသံကိုင်းက ကမ်းပါးသည် ကုန်းလျှောသာ ဖြစ်နေပြီး မတူ ထူးခြားနေသည်။ မြစ်
သည် ကွေ့ကာ ၀ိုက်ကာ စီးဆင်းသဖြင့် ကုန်းမြေကို တိုက်စားပြီး ပြိုကျစေပြီပေါ့။
အရာရာ ပြောင်းလဲ သွားပြီပေါ့။ သံကိုင်းမြစ်ဆိပ်က ပိုပြီး ကျဉ်းသွားပြီ။ အရင်တုန်း
ကလို ညောင်ပင်ကြီး
တွေ လက်ဖက်ရည်ဆိုင်တွေ ထမင်းဆိုင်တွေ မရှိတော့ပေ။
ထနောင်းပင်စုစုလည်း
မမြင်ရေတော့သလို မြင်းလှည်းဆိပ်ဆိုတာလည်း ပျောက်
ကွယ်ခဲ့ပြီ။ မြင်ရသမျှမှာ
အိမ်ကျဲကျဲ၊ ထနောင်းပင် ကျိုးတိုးကျဲတဲ စီရီထားသည့်
မညီမညာ မြေလမ်းတစ်ခု။


ကျွန်မတို့ လှေဆိုက်သည့် ကမ်းပါးသည် သင်္ဘောဆိုက်သည့် ကမ်းပါး၏ခပ်လှမ်း
လှမ်း မြစ်အထက်ပိုင်း နေရာဖြစ်သည်။ ဟိုးအရင်က ကမ်းပါးပြတ်ပေါ်တက်ဖို့
သစ်သားပြား ကုန်းဘောင်ကို ခင်းပြီးမှ တက်လို့ရသည်။ အခုတော့ သစ်သားကုန်း
ဘောင် မလိုတော့ဘဲ။ လှေနှင့်ကပ်လျက် ကုန်းမို့မို့ကို အသာခြေလှမ်း လိုက်ရုံပါပဲ။

ခရီးဆောင်အိတ်ထဲမှ ပိုက်ဆံအိတ်ကို ကျွန်မ ထုတ်ယူလိုက်သည်။ လှေခ ပေးရမည်။
လှေခက ၇၀၀ ကျပ်တဲ့။ ကျွန်မ တစ်ထောင်တန် တစ်ရွက်ကို လှမ်းပေးရင်း မအမ်းနဲ့
တော့ဟု ပြောရင် အားနာစရာများ ကောင်းမလားဟု တွေးနေမိသည်။
“ဆရာမ”
လှေသမားလေးက ကျွန်မကို ဆရာကန်တော့ပွဲ အပြီး ချက်ချင်း ပြန်မှာလားဟု မေး
သည်။ မဟုတ်ပါ။ ကျွန်မ အမ ၀မ်းကွဲအိမ်မှာ တစ်ညအိမ်ပြီးမှ ပြန်မှာပါ။ ကျွန်မ အမ
အိမ်အထိ မနက်ဖြန် သူလာခေါ်ပါရစေဟု ဆိုသည်။ ကျွန်မ တွန့်ဆုတ်သွားသည်။
နောက်တစ်ကြိမ် သူ့လှေကို စီးရမှာ အားနာလို့ ဖြစ်ပါသည်။
“မနက်ဖြန် ရှောက်တောဘက်ကနေ လှည့်ပြန်မလားလို့ လှေလှော်ရတဲ့သူတွေကို
အားနာတယ်”

လှေသမားလေးက ကွမ်းစားထားသည့် သွားနီနီများ ပေါ်အောင် ရယ်၏။
ဆရာမကလည်း ပြောင်းပြန် ပြောနေပြန်ပြီ။ လှေလှော်မှ ထမင်းစားရတဲ့ သူတွေ
ကို
အားနာလို့ လှေမစီးရင် ကျွန်တော်တို့ ထမင်းငတ်မှာပေါ့။ ဆရာမတို့ လှေစီး
မှ
ကျွန်တော်တို့ ပိုက်ဆံရမှာလေ

အင်း ဟုတ်တော့ဟုတ်ပါရဲ့။ အခုအခါ မကွေးနှင့် မင်းဘူးကြား တံတားကြီး ခင်း
လိုက်
ပြီ။ ချောက်နှင့် ဆိပ်ဖြူမှာလည်း မြစ်ကူးတံတား ခင်းလိုက်ပြီ။ ဧရာဝတီ အရှေ့
ဘက်
ကမ်းနှင့် အနောက်ဘက်ကမ်းကို ကားတွေဖြင့် ဖြတ်သန်းကြသည်။ ကူးတို့
လှေလေး
တွေ စီးမည့် ခရီးသည်တွေသည် မြစ်ကူးတံတားများကို ကျော်ဖြတ်လျက်
ကားဖြင့်သာ
သွားကြတော့သည်။ ဒါကြောင့်လည်း သံကိုင်း ဆိပ်ကမ်းက ခြောက်
သွေ့ ခေါင်သွားခြင်း
ဖြစ်ပါလိမ့်မည်။

“ဘာ ရပ်ကွပ်လဲ ဆရာမ”
“ကုန်းဇောင်း ရပ်ကွပ်”
“ကျွန်တော် အဲဒီအထိ လာကြိုမယ်။ ဆရာမ ဘယ်အချိန်လောက် ပြန်ထွက်မလဲ”
“အင်း ခုနှစ်နာရီခွဲနဲ့ ရှစ်နာရီကြားပေါ့”
လှေသမား ဇနီးမောင်နှံသည် ကျွန်မဆီက လှေစီးဖို့ အတည်ပြုစကားကြောင့် ပြုံး
သွားပါသည်။

ကျွန်မ ခွာမြင့် ဖိနပ်ချွတ်ပြီး ကုန်းပေါ် တက်လာရပါသည်။ ထနောင်းပင်အောက်မှာ
ရပ်ထားသော တစ်စီးတည်းသော မြင်းလှည်းဆီ မလျှောက်သွားမီ အောက်အနိမ့် မြစ်
ပြင်မှာ ဆိုက်ထားသည့် သူတို့လှေကို တစ်ချက် ငုံ့ကြည့်လိုက်မိသည်။ သူတို့နှစ်
ယောက် လှေပေါ်မှာ ထိုက်လျက် အထုပ်တစ်ထုပ်ကို ဖြည်လိုက်တာကို မြင်ရသည်။
ဘေးပတ်လည် မည်းတူးနေသော ဒန်အိုးလေး နှစ်လုံး၊ တစ်လုံးပေါ်သို့ တစ်လုံးထပ်
လို့။ အောက်က အိုးအကြီးထဲမှာ ထမင်းတွေ။ အပေါ်က အိုးသေးထဲမှာက ဘာမှန်း
မကွဲပြားသော ခပ်နီနီဟင်းတွေ။ သူတို့ ကျွန်မကို မေ့သွားကြလောက်ပါပြီ။ တစ်
ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လျက် ပြုံးရယ်လိုက်ကြသည်ကို မြင်ရ
သည်။ ထို့နောက် မိန်းကလေးက သူ့ယောက်ျား၏နဖူးမှ ချွေးတို့ကို လက်ဖြင့်
သုတ်ပေးလိုက်တာကို မြင်ရသည်။

ကျွန်မ စိတ်မှတ်မထင် ပြုံးလိုက်မိသွားသည်။
မြင်းလှည်းဆီသို့ လျှောက်လာသော ကျွန်မခြေလှမ်းများကို ကျွန်မ ငုံ့ကြည့်လာမိ
သည်။ သိပ်မကြာတော့သည့် ဆယ်စုနှစ်များတွင် ကျွန်မ ခြေဖ၀ါးအောက်က ကုန်း
မြေသည်
မြစ်ပြင် ဖြစ်သွားနိုင်ပါသည်။


(ပြီးပါပြီး။)
(ကလျာ မဂ္ဂဇင်းပါ စာရေးဆရာမ ဂျူး၏ မြစ်ကူးခရီး ကို ထပ်ဆင့် ကူးယူဖော်ပြပါ
သည်။)

2 comments:

Kay said...

ကိုအောင်ရေ- ဂျူးဝတ္တုလေး အဆုံးထိ ဖတ်သွားပြီ။ ထုံးစံ အတိုင်း..တွေးချင်သလိုတွေး လိုက်တယ်။ အလွှာမတူ..အသိမတူ..အနေမတူ - ခြင်းတွေကြားထဲက.. တနာရီစာလောက် အတွေးလေး။
အဆုံးသပ်ကလေးကလည်း.. မြေသား မြစ်ပြင်တွေသာ..ပုံစံ ပြောင်း သွားပေမဲ့.. မပြောင်းလဲ နိင် တဲ့..အရာ တချို့။

ကျေးဇူးပါပဲ.. စာအုပ်တွေ..လက်လှမ်းမမှီနေတော့..ဒီလိုလေး..ဖတ်နေရတာပဲ..ကံကောင်းပေါ့။

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်ကဲ့ မကေရေ ကျနော် တကယ် အပင်ပန်းခံရေး ထားတာပါ။ ဆားချက်နေတာတော့ မဟုတ်ပါဘူး။ စာအုပ်ဝယ်ဖို့ မလွယ်ကူတဲ့ သူတွေအတွက် ရတဲ့နည်းလမ်းနဲ့ ထပ်ဆင့်ကူးယူခဲ့တာပါ။ ကျေးဇူး မကေ။