Sunday, 10 August 2008

မှတ်မိသမျှလွန်ခဲ့သော အနှစ်(၂၀) အပိုင်း- (၄)

ရေးသူ - အောင်ခင်မြင့်

“အပြင် ပြန်ထွက်ကြဟေ့” လို့ တစ်ယောက်က စပြီး အော်လိုက် ပါတယ်။
ကျနော်နဲ့ နံဘေးက ကိုရင်လေး လည်း လမ်းမကြီး ရှိရာ လမ်းသွယ် ထိပ်ဘက်
ကို ပြေးထွက် ခဲ့ပါတယ်။ လမ်းသွယ် ထိပ်ကို မရောက်ခင် အပေါက်ဝ မှာ စစ်တပ်
သုံး တီအီး11 ကားတွေ ရပ်ထား တာကို လှမ်းမြင် နေရ ပါတယ်။ လမ်းသွယ်ထဲ
ကို ရောက်ပြီးမှ လမ်းမကြီး ဘက်ကို ထွက်ပြေးဖို့ လူတချို့ ဇွတ်အတင်း ကြိုးစား
နေသလို အခြေ အနေမှာ တော်တော်လေး ဆိုးဝါး နေပါတယ်။ စစ်တပ်သုံး တီအီး
11 ကားရယ့် ခေါင်းပိုင်း ကားမောင်းသူ ထိုင်တဲ့ ခေါင်းမိုးပေါ်မှာ စက်သေနတ်
ကို ဒေါက်ထောက်ပြီး လမ်းမကြီး တလျောက် ပြေးနေတဲ့ သူတွေကို
အတွဲလိုက် ပြစ်နေပါတယ်။ ကျနော် အပါအ၀င် လမ်းသွယ် ထဲမှာ ပိတ်မိနေတဲ့
လူ အရေအတွက် ဟာ ခန့်မှန်းချေ လူ (၂၀၀) ကျော်လောက် ရှိပါတယ်။

အဲဒီ အချိန်မှာ ကျနော် တော်တော်လေး ထိန့်လန့်ပြီး သွေးပျက် နေခဲ့ပါတယ်။
ကျနော်နဲ့ ကိုရင်လေးလည်း လမ်းသွယ်ရယ့် အဆုံးမှာရှိတဲ့ လမ်းပိတ်ထားတဲ့ အိမ်
ကြီးဘက်ကို ပြေးလိုက် အပေါက်ဝကို လှမ်းပြီး မြင်တွေ့ နိုင်တဲ့ အကွေ့လေးဘက်
ကို ပြေးလိုက်နဲ့ ဆောက်တည်ရာ မရ ဖြစ်နေ ပါတယ်။ လူတွေ အားလုံးလည်း
ကျနော်လို လမ်းသွယ်လေး ထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက် ဖြစ်နေ ကြပါတယ်။

“၀င်လာပြီး …. ၀င်လာပြီး” ဆိုတဲ့ အသံကို စကြားရတဲ့ အချိန်မှာ ကျနော်ဟာ လမ်း
အဆုံးပိုင်းမှာ ရှိနေတဲ့ အိမ်ကြီးရယ့် ပိတ်ထားတဲ့ သံတံခါးကြီးနဲ့ မနီးမဝေး မှာ
ရှိနေပါတယ်။ ကျနော် မတ်တပ်ရပ် နေသော နေရာနဲ့ လေး … ငါးပေ လောက်ပဲ
ဝေးတဲ့ အကွားအဝေး တစ်ခုမှာ အဖြူအစိမ်း ၀တ်ထားတဲ့ ကျောင်းသူလေး နှစ်ဦး
လွယ်အိတ် လေးတွေ ပိုက်ပြီး ငိုကြွေး နေကြပါတယ်။ သူတို့ နှစ်ဦးရယ့် နံဘေးမှာ
ဈေးခြင်းတောင်း ကိုင်ထားတဲ့ အမျိုးသမီးကြီး တစ်ဦးက သူတို့ကို အားပေး နှစ်သိမ့်
နေတာ တွေ့ရ ပါတယ်။

တစ်ချက်ခြင်း နဲ့ အတွဲလိုက် ပြစ်တဲ့ သေနတ်သံတွေ ကို အနီးဆုံး အနေအထားနဲ့
စပြီး ကြားလိုက်ရတဲ့ အချိန်မှာ ….. “ ဒါကာကြီး … ဘယ်လို လုပ်ကြမလဲ” လို့
ကိုရင် လေးရယ့် အသံကြောင့် ကျနော်လည်း တော်တော်ကို လှုပ်လှုပ်ရှားရှား
ဖြစ်သွား ပါတယ်။ တချို့ လူတွေက လမ်းသွယ်ရယ့် ညာဘက်မှာရှိသော လူတစ်ရပ်
ကျော် မြင့်တဲ့ အုတ်နံရံ ကို တွယ်တက်ဖို့ ကြိုးစား ကြပါတယ်။ လမ်းမကြီး ဘက်ကို
လှမ်းကြည့်ရင် မြင်နိုင်တဲ့ လမ်းကွေ့ ဘက်က လူတချို့ လက်မြှောက်ပြီး အဖမ်းခံဖို့
လုပ်နေကြ ပါတယ်။ အားလုံးလည်း အသက် မသေပဲ လွတ်မြောက်ဖို့ နည်းလမ်း
မျိုးစုံ လုပ်နေ ကြပါတယ်။ ငိုသံတွေ၊ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်သံတွေ၊
အားပေး နှစ်သိမ့် သံတွေ၊ သေနတ် သံတွေနဲ့ ဆူညံနေပြီး ကမ္ဘာပျက်နေ သလား၊
ငရဲပြည် ကို အရှင် လတ်လတ် ရောက်နေသလား လို့တောင် ထင်ရ ပါတယ်။

အပြစ်မဲ့ သူများရယ့် ချောင်းပိတ် အသတ် ခံရမှု ….




ကျနော့် မြင်ကွင်းထဲ ပထမဆုံး သတိထား မိလိုက်တဲ့ အရာက လမ်းသွယ်ရယ့်
ဘယ်ဘက် တော်တော်မြင့်တဲ့ ကုန်းမြင့်ကြီး၏ အောက်ခြေမှာ ရှိသော ရေမြောင်း
ပဲ ဖြစ်ပါတယ်။ ရေမြောင်းထဲမှာ မြောင်းရေက အပြည့် မဟုတ်ပဲ အပေါ်မှာ
လွတ်နေ တာကို တွေ့ရ ပါတယ်။ ရေမြောင်းကို ဖုံးထားတဲ့ ကျောက်ပြား တွေ
က နေရာတိုင်းမှာ မရှိပဲ ဟိုတစ်ကွက် ဒီတကွက် ဖုံးထားပြီး၊ ကျနော်လည်း မြောင်း
ထဲ ဆင်းပြီး ပုန်းအောင်းဖို့ စိတ်ကူး ၀င်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီ အချိန်မှာ
ကျနော် ပါးစပ်က နံဘေးက ကိုရင်လေးကို “ကိုရင် … ဒီမြောင်းထဲကို … ဆင်းပုန်း
မယ် … မြန်မြန်လာ” လို့ ခေါ်ပြီး ရေမြောင်းထဲ ကို ဆင်းခဲ့ ပါတယ်။ ကျနော် မှတ်
မိသလောက် အဲဒီ ရေမြောင်းဟာ အကျယ် နှစ်ပေခွဲ … သုံးပေ လောက်ပဲ ရှိပြီး
အနက် က သုံးပေခွဲ … လေးပေ လောက် ရှိမယ်လို့ ထင်ပါတယ်။ မြောင်းထဲ ကို
ကျနော် စပြီး ဆင်းလိုက်တော့ မြောင်းရေက ကျနော့် ခြေသလုံး တ၀က် လောက်
ပဲ ရှိနေတာကို တွေရ ပါတယ်။ ကျနော်နဲ့ကိုရင်ငယ်လေး တို့နှစ်ဦး ရေမြောင်းထဲ
ခုန်ချပြီး မြောင်းကို ဖုံးထားတဲ့ ကျောက်ပြားတွေ အောက်ကို အမြန်သွားခဲ့ ကြပါ
တယ်။ ကျောက်ပြားတွေ အောက်ကို ၀င်ဖို့ ကြိုးစားတော့ မတ်တပ်ရပ်ပြီး ၀င်
လို့လုံးဝ မရပါဘူး။ ဒါနဲ့ ဆောင့်ဆောင့် ထိုင်ပြီး ၀င်ရ ပါတယ်။ ကျနော်နဲ့ ကိုရင်
ငယ် တို့လို ခန္ဓာကိုယ် ပိန်တဲ့ သူတွေ အတွက် ပုန်းလို့ ရတဲ့ အနေအထား
မျိုး ဖြစ်ပါတယ်။ ၀တဲ့ သူတွေ၊ လူကြီးတွေ လုံးဝ ပုန်းလို့ မဖြစ်နိုင်တဲ့ အခြေအနေ
မျိုးပါ။

ကျောက်ပြားအောက် ရေမြောင်းထဲမှာ ကျနော်နဲ့ ကိုရင်ငယ်လေး နှစ်ယောက်
စပြီး ဆောင့်ဆောင့် ထိုင်တဲ့ အချိန်မှာ ကျနော့်စိတ်ထဲ အပေါ်မှာ တုန်းက ကတုံ
ကရီနဲ့ ငိုကြွေး နေတဲ့ ကျောင်းသူလေး နှစ်ဦးနဲ့ ဈေးခြင်းတောင်း ကိုင်ထားတဲ့
အမျိုးသမီး ကြီးကို သတိရ မိပါတယ်။ ကျောက်ပြားအောက်မှာ မဲမှောင် နေပြီး၊
အလင်းရောင် ဆိုလို့ လမ်းမကြီး ပေါ်က ရေတွေ မြောင်းထဲ ရောက်အောင် စီး
ဆင်းတဲ့ ကျောက်ပြားနှစ်ခု ထိစပ်ရာက ရေဆင်းပေါက်လေး တစ်ခုပဲ ရှိပါတယ်။
အဲဒီ အပေါက်က ၀င်လာတဲ့ အလင်းရောင် နည်းနည်းလေး ကြောင့် ကျနော်နဲ့
ကိုရင်ငယ်တို့ နှစ်ဦး၊ တစ်ယောက် မျက်နှာကို တစ်ယောက် အနည်းငယ်လောက်
မြင်တွေ့ နေရပါတယ်။မြောင်းထဲ ရောက်ပြီး နှစ်မိနစ် …. သုံးမိနစ် လောက်ပဲ
ကြာမယ်လို့ ထင်ပါ တယ်။အပေါ်မှာ အတွဲလိုက် ပြစ်တဲ့ သေနတ်သံ တွေ၊ လူ
တစ်ယောက်ယောက် ကို တစ်ခုခု ထိမှန် သွားလို့ အော်ဟစ်တဲ့ အသံနက် ကြီး
တွေကို နီးနီးကပ်ကပ် ကြားနေ ရပါတယ်။ စစ်တပ်ဟာ ကျနော်တို့ လူအုပ်စု
ကြီး ပိတ်မိနေတဲ့ လမ်းသွယ် တစ်ခုလုံးကို ပိတ်ဆို့ပြီး အထဲကို ၀င်ရှင်း နေပါပြီး။

ကျနော်ရော ကိုရင်ပါ တော်တော်လေး ကရောင်ခြောက်ခြား ဖြစ်ပြီး မျက်နှာမှာ
လည်း မျက်ရည်တွေကျ၊ ပါးစပ် ကလည်း အသံ မထွက်ရဲပဲ ရသမျှ ဘုရား စာ
တွေကို ရွတ်နေ မိပါတယ်။ အဒီအချိန်မှာ ဘုရားစာကို ကျနော် ရွတ်ကြည့်တာ
အကြောက်လွန် နေလို့လား မပြောတတ်ပါ၊ အမြဲတမ်း အလွတ်ရနေတဲ့ သံ
ဗုဒ်ဓေ ဂါထာလည်း အစ ပဲ ရွတ်လို့ ရပါတယ်။ ရှေ့ကို မရောက်ပါဘူး။ ဒါနဲ့
ခုနှစ်တန်း ကျောင်းသား အထိ တက်ဘူးတဲ့ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း
မှာ သင်ခဲ့ဘူးသော ဆုတောင်း ပုံစံနဲ့ “အဖ ဘုရား သခင်၊ နာမတော် ကို အမှီ
ပြု၍ ဆုတောင်း ပါတယ်၊ သားတော်ရယ့် အသက်ကို ကယ်တော် မူပါ … ”
စသဖြင့် ပါးစပ်ကနေ တိုးတိုးလေး ရွတ်ဆိုပြီး ဆုတောင်း ခဲ့ပါတယ်။ ကျနော်
တို့ အခြေအနေက ကျိန်းသေပေါက် သေရတော့မယ့် အနေအထား လုံးဝ
ဖြစ်နေ ပါတယ်။ ကျနော့် စိတ်ထဲမှာ အင်္ကျီနဲ့ ခန္ဓာကိုယ် ကြားထဲ ထိုးထည့်
ထားသော ဖိနပ်အသစ်လေးကို ကျနော် အသတ်ခံရပါက တစ်ယောက်ယောက်
အိမ်ကို ပြန်ပို့ပေးခဲ့ရင် ကောင်းမယ်လို့ ကရောင်ခြောက်ခြား တွေးနေ မိပါတယ်။
(မှတ်ချက်။ ။အဲဒီ အချိန်က ကျနော်သည် လမ်းလျှောက် အလွန်မြန်ပြီး ဖိနပ်
ပျက်လေ့ ရှိပါတယ်၊ မိသားစုက တစ်လလျင် ဖိနပ်အသစ် တစ်ရံ ၀ယ်ပေး
နေရ သောကြောင့် အမများ ၏ ဆူပူမှုကို မကြာခဏ ခံရ ပါတယ်။)

အဲဒီအချိန်မှာပဲ “၀ုန်း” ဆိုတဲ့ အသံကို ကြားလိုက် ရပြီး ကျနော်နဲ့ ကိုရင်လေး
ပုန်းနေတဲ့ ကျောက်ပြားပေါ် တစ်ယောက်ယောက် မတ်တပ် ရပ် နေပြီး လို့
သိလိုက် ရပါတယ်။ အဲဒါနဲ့ ကျနော်လည်း ရေဆင်းပေါက် ကနေ အပေါ်ကို
ကြည့်လိုက်တော့ ခုနက ဈေးခြင်းတောင်း ကိုင်ထားတဲ့ အမျိုးသမီးကြီး ကျနော်
တို့ ပုန်းနေတဲ့ ကျောက်ပြားပေါ် မတ်တပ်ရပ်ပြီး နံရံမှာ ကပ်နေတာ ကို တွေ့
ရပါတယ်။ စစ်သား တစ်ယောက်လည်း သူ့ရယ့် ရှေ့တည့်တည့်မှာ ရှိနေပုံ
ရပါတယ်။ သေနတ် ပြောင်းဝမှာ တပ်ထားတဲ့ လှံစွပ် (ဘက်နက်) ကို မြင်နေ
ရပါတယ်။ အဲဒီ အမျိုးသမီးကြီးက “ကျမ ဆန္ဒပြတဲ့ လူတွေထဲမှာ လုံးဝ မပါဝင်
ဘူး၊ ဈေးသွားမလို့ အိမ်က ထွက်လာတာပါ၊ သေနတ် သံတွေ ကြားပြီး၊ လူတွေ
ထွက်ပြေးတော့ … ကျမ လည်း ကြောက်လို့ ပြေးရင် … သူတို့နဲ့ အတူ ဒီနေရာ
ကို ရောက်နေတာ ပါ” လို့ ငိုယိုပြီး တောင်းပန် နေပါတယ်။ အဲဒီ စကားလည်း
ဆုံးရော အဲဒီ ဈေးခြင်းတောင်း ကိုင်ထားတဲ့ အမျိုးသမီးကြီး ရယ့် ရင်ဝမှာ လှံစွပ်
ထိုးဝင် သွားတာကို ကျောက်ပြား အောက်ကနေ ကျနော် တွေ့လိုက် ရပါတယ်။

ပါးစပ်က “အင့်” ဆိုပြီး အဲဒီ အမျိုးသမီးကြီး အသံ ထွက်သွား သလို သူ့ရင်
ပက်က သွေးတွေလည်း ပန်ထွက် လာပါတယ်။ အဲဒီ သွေးတချို့ ဟာ တိုက်
တိုက် ဆိုင်ဆိုင် ကျောက်ပြား နှစ်ခု ထိစပ်နေတဲ့ ရေဆင်းပေါက် ရယ့် အောက်
ကနေ ချောင်းကြည့်နေတဲ့ ကျနော့် မျက်နှာပေါ် ကျလာ ပါတယ်။ ကျနော်လည်း
အကြောက်လွန်ပြီး ၀တ်ထားတဲ့ ပုဆိုးထဲကို ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေး
(ကြောက်ချီး) တွေ ထွက်ကြ ကုန်ပါတယ်။ စစ်သားတွေ စစ်ဖိနပ် သံတွေ၊
ဆဲသံတွေ၊ လူတွေရယ့် ငိုယို တောင်ပန်းသံတွေ၊ သေနတ် အတွဲလိုက် ပြစ်ခတ်
သံတွေ ဟာ ကျနော်တို့ ခေါင်းပေါ်မှာ ရှိတဲ့ လမ်းသွယ်လေး ထဲမှာ ပွတ်လော
ရိုက်နေ ပါတယ်။ ကျနော် နံဘေးက ကိုရင်လေး လည်း အကြောက်လွန်ပြီး
ကျနော် လက်ကို လာကိုင် ထားပါတယ်။ အဲလိုနဲ့ တစ်နာရီခွဲ ... နှစ်နာရီ
လောက် ကြာမယ်လို့ ကျနော် ထင်ပါတယ်။ အပေါ်က အသံ တစ်ခုကို စပြီး
ကြား ရပါတယ်။

“အမလေး ... အဖြစ်ဆိုးလှချည့်လား ... လာကြည့်ကြ ပါအုံး ... ” ဆိုတဲ့ အသံ
တွေ ကြားရပါတယ်။ အဲဒီအချိန်မှာ နံဘေးက ကိုရင်လေးက “ဒါကာကြီး ....
စစ်ခွေးတွေ ... အပေါ်မှာ ... မရှိတော့ဘူး ထင်တယ် ... ဒါကာကြီး” လို့ပြော
ပါတယ်။ အဲဒါနဲ့ ကျနော်နဲ့ကိုရင်လေး ရေမြောင်း ကျောက်ပြား အောက်က
နေ ထွက်ပြီး လမ်းပေါ်ကို တက်ခဲ့ပါတယ်။ အရာရာ အားလုံးဟာ မကြည့်ရက်
စရာ ပါပဲ။ လူသေ အလောင်းတွေတော့ မတွေ့ ရပါဘူး။ ဒါပင်မဲ့ အဲဒီ လမ်း
သွယ်လေးရယ့် မျက်နှာပြင် တစ်ခုလုံး အေးပြီး ခဲသွားတဲ့ သွေးခဲကြီးတွေ
နေရာတိုင်း လိုလိုမှာ အပုံလိုက် ဖြစ်နေ ပါတယ်။ ကျနော်တို့လို ရေမြောင်းဖုံး
ကျောက်ပြားအောက် မှာ ပုန်းခိုခွင့် ရလို့ မသေပဲ ကျန်ခဲ့တဲ့ လူ စုစုပေါင်း
ဆယ်ယောက် ကျော်လောက် ထွက်လာတာ ကို တွေ့ရ ပါတယ်။ ကျနော့်
အင်္ကျီနဲ့ ပုဆိုးမှာ မြောင်းထဲက ညစ်ပက်တဲ့ အညစ်အကြေးတွေ၊ အကြောက်
လွန်ပြီး ထွက်ကျတဲ့ အညစ်အကြေး တွေ၊ သွေးတွေရယ့် စွန်းထင်းမှု တွေနဲ့
စုတ်ပျက်သပ် နေပါတယ်။

အဲဒီအချိန်ထိ ကျနော်စိတ်တွေ အကြောက်လွန်ပြီး ကြောင်တောင်တောင်
ဖြစ်နေတာ လွဲရင် အခြေအနေ ကောင်းပါ သေးတယ်။ အဲလိုနဲ့ ကျနော်နဲ့
ကိုရင်လေး တို့ လမ်းသွယ်လေး ထဲကနေ လမ်းမကြီး ရှိရာ ဘက်ကို ထွက်
လာ ခဲ့ကြ ပါတယ်။ လမ်းတလျောက်မှာ လည်း သွေးအိုင် တွေက အပြည့်
ပါပဲ။ လမ်းထိပ်နား လည်း ရောက်ခါနီး ကျနော်မြင် လိုက်ရတဲ့ မြင်ကွင်းက
ပုဆိုးတွေ၊ ထမီတွေ စုပြီး ပုံထားတာ ကျနော့်အရပ် နီးပါလောက် ရှိပါတယ်။
လမ်းသွယ်နဲ့ လမ်းမကြီး ထိစပ်တဲ့ အပေါက်ဝမှာ လူတွေအများကြီးက ကျနော်
တို့ကို စိုက်ကြည့် နေကြ ပါတယ်။ လမ်းသွယ်ရယ့် ထိပ်၊ လမ်းမကြီး ပေါ်က
အဲဒီ အ၀တ်အစားပုံ နံဘေးနား ရောက်ခါနီးမှ မတ်တပ်ရပ် နေတဲ့ လူကြီး
တစ်ယောက်ကို ကျနော်က “ဦးလေး၊ အဲဒီ အ၀တ်အစားတွေ က ဘယ်သူ
ဟာတွေ လဲ” လို့ မေးလိုက်ပါတယ်။

အဲဒီလူကြီးက “မင်းတို့ နဲ့အတူ ဒီလမ်းထဲ ပြေးဝင်လို့ ပိတ်မိပြီး ... အသတ်
ခံရတဲ့ ... မင်းတို့ သူငယ်ချင်းတွေရယ့် ... အလောင်းတွေကို ...စစ်တပ်က
ကားပေါ် ပြစ်တင်တာ ... အဲဒါ ကားနောက်ဘက်က သံချိတ်နဲ့ သူတို့အ၀တ်
အစားတွေ ... ချိတ်မိပြီး ကျန်ခဲ့တာ” လို့ ပြောပါတယ်။ ကျနော်လည်း အဲဒီ
အ၀တ်အစားပုံ ကို သေသေချာချာ ကြည့်လိုက်တော့ ရစရာ မရှိအောင်
သွေးတွေ ပေနေတဲ့ အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူတွေ အသုံးပြု
သော ပုဆိုး အစိမ်းတွေ၊ ထမီ အစိမ်းတွေက အများစု ဖြစ်ပြီး၊အဲဒီ အ၀တ်အစား
ပုံကြီး ပတ်လည်နဲ့ နေရာ တချို့မှာ လူ့ခန္ဓာကိုယ် အတွင်းပိုင်းထဲက ထွက်
ကျထားတဲ့ ကလီစာ တချို့ ကို မြင်လိုက် ရပါတယ်။ ကျနော် ဘယ်လို ဖြစ်သွား
သလဲ ကျနော် မသိတော့ ပါ။ ကျနော် ရုတ်တရက် ခွေပြီး လမ်းပေါ် လဲကျ
သွားပါတယ်။ ကျနော့် နားထဲမှာ အသံတွေ ကြားနေ ရပြီး ကျနော့် မျက်စိ
လဲ ပြာဝေပြီး ချာချာလည် နေပါတယ်။ လူကြီးတစ်ယောက် က ကျနော့်ကို
ဆွဲထူးရင် လူတွေကို လှမ်းခေါ် နေပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးကြီး
တစ်ဦးက ငိုယိုပြီး ပြောနေတဲ့ အသံတချို့ ကို ကျနော့်နား ထဲ ကြားနေ ရ
ပါတယ်။
“ကောင်လေး ... သနားပါတယ် ... သူ့အိမ်က မိဘတွေ... တော်တော် စိတ်ပူ
နေမယ်နဲ့ တူတယ် ... တစ်ယောက်ယောက် သူ့ကို အိမ်အထိ ...လိုက်ပို့
ပေးလိုက်ကြပါ”


ကျနော် သတိ ပြန်ရတဲ့ အချိန်မှာ ကျနော်တို့ မိသားစု နေတဲ့ အိမ်ရှေ့က ဆေးခန်း
ရယ့် ကုတင်ပေါ် ကျနော် ရောက်နေ ပါတယ်။ နံဘေးမှာ အမေနဲ့ အမတွေရယ့် ငို
ယိုသံတွေ လည်း ကြားနေ ရပါတယ်။ ရပ်ကွပ်ထဲက အိမ်နီး နားချင်းတွေလည်း
ဆေးခန်းထဲ ရောက်နေတဲ့ ကျနော်ကို လာကြည့်နေလို့ ဆေးခန်း တစ်ခုလုံး တရုန်း
ရုန်း ဖြစ်နေပါတယ်။ဘယ်လို အိမ်ပြန်ရောက်လာတာ လည်းလို့ မေးကြည့်တော့
အကိုကြီး တစ်ယောက်က ကျနော့် အင်္ကျီအိတ်ထဲက ကျောင်းသားကဒ်မှာ ပါတဲ့
လိပ်စာ အတိုင်း အိမ်အထိ လိုက်ပို့ သွားကြောင်း ကျနော့် အဖေက ခေါင်းကုတ်
ပြီး ပြောပါတယ်။

နိဂုံး .....

အထက်ပါ အဖြစ်အပျက်များနဲ့ ပက်သက်ပြီး ၁၉၈၉ ခုနှစ်တွင် ကျနော်သည်
အခြေခံ ပညာ ကျောင်းသား သမဂ္ဂ လျို့ဝှက် ရုံးစိုက်ရာ မော်ထော်လေး လမ်း
အလယ်ပိုင်းတွင် တစ်ကြိမ်၊ ရန်ကင်းမြို့နယ် ကျောက်ကုန်းကွေ့ တွင်ရှိသော
လူ့ဘောင်သစ် ပါတီ ရုံးခန်းတွင် တစ်ကြိမ် နိုင်ငံခြားသား များ၏ အင်တာဗျူးများ
ကို မှတ်မိ သလောက် ပြန်လည် ပြောပြခဲ့ ပါတယ်။ အခင်းဖြစ်ပွားမှုတွင် ကျနော်
နဲ့အတူ ကိုရင်လေး အပါအ၀င် လူ (၁၃) ဦးခန့် လွတ်မြောက်ပြီး လူတစ်ရာ
ကျော် သို့မဟုတ် နှစ်ရာ နီးပါးတို့မှာ စစ်တပ်၏ ရက်စက်စွာ သတ်ဖြတ်မှုကို
ခံခဲ့ ရကြောင်း နိုင်ငံခြားသား သတင်းထောက်က ကျနော့်ကို ပြောပါတယ်။
ယင်းနိုင်ငံခြားသား က သူ့လက်ထဲတွင် ရှိသော သွေးရူး သွေးတန်းဖြင့် ပြေးနေ
သည့် ကျနော့် ဓါတ်ပုံကို လိုက်ပြပြီး စုံစမ်းရာမှ အကသ ခေါင်းဆောင်
တချို့နဲ့ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းတွင် ကျနော်ဖြစ်နေကြောင်း
သိသွားပြီး မိတ်ဆက်ပေးရာမှ အင်တာဗျူး လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းနိုင်ငံခြား
သားလက်ထဲ တွင် ရှိနေသော ကျနော့် ဓါတ်ပုံလေးကို ကျနော် ကိုယ်တိုင် အမှတ်
တရ ပြန်လည် မတောင်းခဲ့ခြင်း မှာ ကျနော်၏ ပေါ့ဆမှု တစ်ခု ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ် မလေးရှား နိုင်ငံ အတွင်း မြန်မာ့ ဒီမိုကရေစီ အရေး စတင်
လှုပ်ဆောင် နေစဉ် ကွယ်လွန်သူ ဆရာကြီး ကြေးမုံ ဦးသောင်းက အထက်ပါ
ရှစ်လေးလုံး ကာလ အတွင်း ကျနော့် အဖြစ်အပျက်ကို မှတ်တမ်း ရယူခဲ့ပါတယ်။
ကျနော်နဲ့ အတူ လွတ်မြောက် ခဲ့သော ကိုရင်လေး၏ ဘွဲ့အမည်၊ လွတ်မြောက်
ခဲ့သော သူများ၏ နေရပ် လိပ်စာများ၊ ဒုတိယ အဆင့် ချောင်းပိတ် အသတ်ခံရ
သော လမ်းအမည်၊ ရပ်ကွပ် လိပ်စာများ မေးမြန်းမှုတွင် ကျနော်ဘက်က တိတိ
ကျကျ ပြန်လည် ဖြေဆိုနိုင်မှု အားနည်း ခဲ့ပါတယ်။ ဆရာကြီး ကြေးမုံး ဦးသောင်း
၏ ပြောပြချက် အရ ယင်း ၁၉၈၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့ နံနက်တွင်
ဝင်ဒါမီယာ အတွင်း လူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ပြစ်ခတ် ဖြိုခွဲခဲ့သော
အဖြစ် အပျက် ငါးနေရာ ရှိခဲ့ကြောင်း၊ ယင်းတို့မှာ ဓမ္မစေတီ လမ်းထိပ်၊ ၀င်ဒါ
မီယာ အောက်ချိုင့်၊ ချင်းချောင်း ရိပ်သာ လမ်းသွယ် နံပါတ် (၁)၊ ရွှေတောင်
ကုန်း ဖြတ်လမ်းတို နှင့် အခြား ၀န်ကြီး တစ်ဦး၏ နေအိမ် အပေါက်ဝတို့ ဖြစ်
ကြောင်း သိရ ပါတယ်။ ကျနော် ပါဝင်ခဲ့သည့် ယင်းဆန္ဒပြ ပြည်သူ လူထုသည်
အာဏာရှင် ဦးနေ၀င်းနဲ့ အတူ အငြိမ်းစား ယူခဲ့သော နိုင်ငံတော် သမ္မတဟောင်း
ဦးစန်းယု နေအိမ်သို့ ချီတက် ဆန္ဒပြမှုတွင် လူစုများ ကွဲသွားပြီး အစုလိုက်
အပြုန်း လိုက် အသတ်ခံ ရသော မှတ်တမ်းများ ရှိခဲ့သည်ဟု သိရပါတယ်။


(ပြီးပါပြီး။)

8 comments:

အောင်သာငယ် said...

ညီလေးရေ့ အခါးသီးဆုံးနေ့ရက်တွေကို ပြန်ဖော်ပြနိုင်တာကိုက တာဝန်တခုကျေတာပါပဲ
ခွပ်ဒေါင်းအလံကို ကိုင်တက်လာမယ့် နောက်မျိုးဆက်တွေ သိပါစေ

myatnoe said...

ဖတ်ရင်းနဲ့ မျက်ရည်ကျမိပါတယ်။
ဘာမှ ဆက်ရေးချင်စိတ်မရှိတော့ပါဘူး။

Nyo Htet Nyo said...

အစ်ကိုခင်ဗျား…ဖြစ်နိုင်ပါက ကိုးရက်နေ့ နောက်ပိုင်း အစ်ကို ကြုံတွေ့သမျှ တို့ကို ဆက်လက် ဖော်ပြပေးစေလိုပါတယ်…ကိုယ်တွေ့ များဖြစ်သောကြောင့် အလွန်တန်ဖိုးရှိပါတယ်ခင်ဗျာ…

Burmar 1988 said...

I refer your post in Ko Lutit's comment. Thks for sharing about your escape from the SXXX hell..

ငြိမ်းဝေ said...

ဆရာလေးကိုအောင်
ကျနော် စာတည်းလုပ်ပြီး ထုတ်ဝေတဲ့ ဗေဒါလမ်းဂျာနယ်မှာ ခင်ဗျားရဲ့ စာမူကို ယူပြီး ဖော်ပြပါရစေ...။ ထုတ်ပြီးရင် ပို့ပေးချင်ပါတယ်။ လိပ်စာလေး ပေးလို့မရဘူးလား။ ကျနော်လည်း ခင်ဗျားဆီကို ခဏခဏ လာလည်ပါတယ်။ ကျနော်တို့ တတ်နိုင်သလောက် ကြိုးစားကြတာပေါ့ဗျာ။

ပျူနိုင်ငံ said...
This comment has been removed by the author.
ပျူနိုင်ငံ said...

ကျနော်ဘ၀ ရယ့် အဖြစ်မှန် တစိတ်တပိုင်း ကို ဖတ်ရူ ကြတဲ့ အတွက် အကိုကြီး
ကိုအောင်သာငယ်၊ ညီမလေး မြတ်နိုး၊ ညီလေး ညိုထက်ညို၊ burmar 1988၊
အကိုကြီး ဦးငြိမ်းဝေ တို့ကို ကျေးဇူးများစွာတင်ပါတယ် ခင်ဗျာ။ burmar 1988
ရေ ကလူသစ် လည်း တိုင်းပြည်အတွက် တက်နိုင်တဲ့ ဘက်က အကျိုးပြုနေတယ်လို့
ထင်ပါတယ်။ အကိုကြီး ဦးငြိမ်းဝေ ရယ့် ဖိတ်ခေါ်မှုကို ကျေးဇူးများစွာ တင်ပါတယ်။
ညီလေး ညိုထက်ညို ရေ ဆက်ပြီးရေးပြ ချင်ပါတယ်။ သို့သော် အကို့ရယ့် မှတ်
တမ်း တချို့ ပြည်တွင်းမှာ ကျန်ခဲ့သောကြောင့် တချို့ နေရာတွေ လွဲချော်သွားမှာ
ကြောက်လို့ပါ။ ဥပမာ … စက်တင်ဘာ အာဏာ သိမ်းတဲ့ ၁၈ ရက်နေ့ ညနေ
ပိုင်းလား၊ ၁ရ ရက်နေ့ ညနေ ပိုင်းလား မသေချာပါ၊ ရန်ကင်း မြို့နယ် အထက
(၁)က သပိတ်စခန်းကို စစ်တပ်က ၀င်သိမ်းပါတယ်။ အဲဒီအချိန်မှာ အကို အဲဒီ
ကျောင်းဝန်းထဲ မှာ ရှိပါတယ်။ အားလုံး ကျောင်းဆောင်တွေ အပေါ်မှာ ပုန်းနေ
ကြပါတယ်။ ဆရာမ တစ်ယောက် ကို စစ်တပ်က ၀င်လာချိန်မှာ မိသွားပါတယ်။
အဲဒီမှာပဲ ကျောင်းထဲကို လှမ်းအော်ပြော ပါတယ်။ “မင်းတို့ ပုန်းနေရာ က ထွက်ခဲ့
ထွက်မလာရင် … မင်းတို့ ဆရာမ ကို အသတ်ပဲ” လို့ ပြောပါတယ်။ အဲဒါနဲ့ ငါး
တန်းကျောင်းသားလေး တစ်ယောက်က အကိုတို့နဲ့ အတူ ပုန်းနေရာက ထွက်
သွားပါတယ်။ စစ်တပ်က ငါးတန်းကျောင်းသား လေးကို မြင်မြင်ချင်းပဲ သေနတ်
နဲ့ တခါတည်း ပြစ်လိုက်ပါတယ်။ ပြီးမှ ဆရာမကို ပါးနားရိုက်ပြီး စစ်ကားပေါ်ကို
ခေါ်တင်သွားပါတယ်။ အဲဒါတွေ ပြန်ပြီး မစဉ်းစားချင် တော့ဘူး ညီလေးရေ စိတ်
နာလို့ ပါ။ ကြုံရင်တော့ ရေးသင့်ရင် ရေးပါ့မယ်။

Lyn Lyn said...

၈၈ တုန်းက အကြောင်းအရာတွေ ဖတ်ရတာ တကယ့်သဲထိတ်ရင်ဖို စွန့်စားခန်းတွေပါပဲ။ ကျောင်းသား ကျောင်းသူတွေကိုလဲ အလွန်ပဲ ဂရုနာသက်မိပါတယ် ကျွန်တော်ဟာလဲ ဗဟန်းအထက(၃)က ကျောင်းသားတစ်ယောက်ပါ။