Monday, 28 May 2012

ကမ်းခြေချစ်သူများ

သူ(စာရေးသူ)နှင့် သူ့ဇနီးသည်တို့သည် လွန်ခဲ့သော
သုံးရက်က ဒိန်းမတ်နိုင်ငံ အနောက်တောင်ဖက်တွင်
ရှိသော `ရို့မို့ရ်´ (RØMØ) ကျွန်းဆီ အလည် ရောက်ခဲ့သည်။
ဒိန်းမတ်နိုင်ငံ၏ ဘေးပတ်လည်တစ်ခုလုံးတွင် ကမ်းခြေပေါင်း
များစွာရှိပါသည်။ သို့သော် ကျယ်ပြန့်သော သဲသောင်ပြင်
ရှိသည့် ထို `ရို့မို့ရ်´ ကျွန်း၏ ကမ်းခြေသည် လူများစုအတွက်
စိတ်ဝင်စားစရာ တစ်ခုဖြစ်သည်။ နွေရာသီတွင် ပင်လယ်
ရေမျက်နှာပြင်အောက်မှ ပေါ်ထွက်လာသော ထိုသဲသောင်ပြင်
သည် နဂိုမူလ သတ်မှတ် ကမ်းခြေအစပ်မှ ရေပြင် ထိစပ်ရာ
ကမ်းစပ်အထိ 3 ကီလိုမီတာခန့် ရှိပြီး ကျွန်း၏ တောင်မှ
မြောက်၊ လူနေ ဧရိယာနှင့်အပြိုင် 9.2 ကီလိုမီတာခန့် ရှည်လျား
သော သဲသောင်ပြင်မျိုး ဖြစ်သည်။

ထို `ရို့မို့ရ်´ ကျွန်းလေး၏ တစ်ဖက်ကမ်းရှိ `စကဲယာဘတ်´
(Skærbæk) ခေါ် တောမြို့လေးတစ်ခုရှိသည်။ ထိုမြို့လေးတွင်
သူ့ဇနီးသည်နှင့် အင်မတန် ရင်းနှီးသော မိသားစု တစ်စု နေထိုင်
ကြသည်။ သူ့ဇနီးသည်က ထိုမြို့လေးတွင် ရှိသော ကျောင်း
နေဖက် သူ့သူငယ်ချင်းနှင့် စားလိုက်၊ စကားပြောလိုက်ဖြင့် ပျော်ပျော်
ရွှင်ရွှင် ဖြတ်သန်းဖို့စိတ်ကူးသည်။ သူကတော့ `ရို့မို့ရ်´ ကျွန်း၏ သဲ
သောင်ပြင်၌ ကျင်းပသော ရွှက်တပ် စက်မဲ့ယာဉ် ခေါ် Beach Sailing
ပြိုင်ပွဲကို စိတ်ဝင်စားသည်။ ဒိန်းမတ်လို Rømø Strandsejler Club၊
ဂျာမန်ဘာသာစကားဖြင့် Strandsegler Club Römö ခေါ်သော
ထို ရွှက်တပ် စက်မဲ့ယာဉ်အသင်း၏ နွေရာသီ ဖိတ်ခေါ်ပြိုင်ပွဲကို
ထိုနေ့တွင် ယှဉ်ပြိုင် နေကြသည်။


အလားတူ လာမည့် စက်တင်ဘာလတွင် ကျင်းပရန်ရှိသော
`စွန်´လွှတ်ပြိုင်ပွဲ၏ ပုံစံပြည့် အကြို လေ့ကျင့်မှုကိုလည်း ထိုနေ့
တွင် တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့ရသည်။

ထိုအရာပေါင်းများစွာထက် သူ့အား ပိုမို စိတ်ဝင်စားစေသော
ကိစ္စတစ်ခုလည်း ရှိပါသည်။ ထိုအရာက ကမ်းခြေ၏ တိုတောင်း
သော ညအချိန်တွင် ထွက်ပေါ်လေ့ရှိသော `သရဲ´ ဇာတ်လမ်း
ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ညဖက် သဲသောင်ပြင်
ပေါ်၌ မော်တော်ဆိုက်ကယ် အပြိုင်စီးကြရာမှ တိမ်းမှောက်ပြီး
လူငယ်လေးတစ်ဦး ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သူ၏ ၀ိညာဉ်
သည် ယခုလို သာယာလှပသည့် နွေညများတွင် ကမ်းခြေပေါ်
သို့ အလည်ရောက်လာသော ဧည်သည့်များအား ကျီစယ်
လေ့ရှိကြောင်း လူပြောသူပြော များလှသည်။ တိုတောင်းသော
နွေညများ- ဟု ဆိုရခြင်းမှာ ဒိန်းမတ်နိုင်ငံ အပါအ၀င် ကမ္ဘာ့
ဝင်ရိုးစွန်း ဒေသများ၏ နွေကာလများတွင် `နေ´ သည် နံနက် ၅
နာရီခန့်တွင် ထွက်လေ့ရှိပြီး ည ၁၀ နာရီလောက်မှ ၀င်လေ့
ရှိသည်။ မြန်မာ အဆိုတော် စိုးပိုင် သီဆိုသော သီချင်းတစ်ပုဒ်
ထဲမှ …. `ညဦးဖက် နေ မထွက်ပါ´ … ဟူသော စာသားသည်
အာရှဒေသ အတွက် မှန်ကန်သော်လည်း ကမ္ဘာ့မြောက်ဖျားပိုင်း
ဒေသများအတွက် မှားယွင်းပါသည်။
…............. ….... …..

သူနှင့် အင်မတန် ရင်းနှီးသော ပင်စင်စား အဖိုးအို သုံးဦးတို့
သည် Homecar ဟု ခေါ်သော အိမ်ပုံစံ မီးဖိုချောင်၊ အိမ်သာ၊
ဧည့်ခန်းငယ်၊ အိပ်ခန်းများ ပါရှိသည့် ကားဖြင့် ကမ်းခြေသို့
သူတို့ထက်အရင် အလည်အပတ် ရောက်နေကြသည်။

တစ်နေ့ကုန် `စက်မဲ့ ရွှက်တပ် ယာဉ်´ ပြိုင်ပွဲ ကြည့်လိုက်၊ `စွန်´
လွှတ်ပြိုင်ပွဲ ကြည့်လိုက်၊ ပင်လယ်ရေထဲ ဆင်းလိုက်ဖြင့် ပျော်ရွှင်
နေကြသော သူတို့အားလုံးသည် ည (၈) နာရီခန့်တွင် မျက်လုံး
များ တဖြေးဖြေး စေ့ချင်လာသည်။ သူ့ဇနီးသည်အား တစ်ဖက်
ကမ်း `စကဲယာဘတ်´ မြို့ရှိ အသိမိတ်ဆွေအိမ်တွင် ပို့ထားခဲ့ပြီး
ကမ်းခြေသဲသောင်ဆီသို့ သူ တစ်ဦးတည်း ပြန်လာခဲ့သည်။

သူနှင့် သူ့မိတ်ဆွေ အဖိုးအို သုံးဦးတို့သည် သူတို့ ဌားစီးလာ
သော Homecar ပေါ်တွင် နွေည၏ အပူရှိန်ကြောင့် မအိပ်နိုင်
ကြပါ။ ကားနံဘေးတွင် ရွှက်ဖျင်တဲ ထိုးပြီး တဲထဲတွင် ဘီယာ
သောက်လိုက်၊ လက်ဆွဲ `အကော်ဒီယံ´ တီးရင်း သီချင်းသံ
တကျော်ကျော်ဖြင့် နွေညကို အံတုနေကြသည်။

ကြာကြာတော့ သူတို့ အံ မတုနိုင်ပါ။ ည (၁၀) နာရီလောက်
တွင် လေးလံလာသော သူတို့၏ မျက်ခွံများအောက်တွင်
သူတို့ ကျဆုံးသွားကြသည်။ ည နှစ်နာရီခန့်တွင် သူတို့ထဲက
တစ်ဦး၏ အော်ဟစ်သံကြောင့် သူတို့အားလုံး နိုးလာကြသည်။
အိမ်မက်တစ်ခုကို မြင်မက်ခဲ့သော အဖိုးအိုက သူတို့ ဌားရမ်း
ထားသည် Homecar ထဲတွင် လူတစ်ဦးသည် သူ အိပ်စက်
နေသော ကုတင်ပေါ်တွင် မအိပ်စက်ရန် သူ့အား လာပြောကြောင်း၊
သူက လက်မခံသောအခါ ကုတင်ပေါ်မှ သူ့အား ဇွတ်အတင်း
ဆွဲချကြောင်း၊ အိမ်မက်မှ နိုးလာသောအခါ သူသည် ကုတင်ပေါ်
တွင် မရှိတော့ပဲ အောက်သို့ ရောက်ရှိနေကြောင်း ပြောပြပါသည်။


သူတို့အားလုံး အိပ်မှုံစုံဖွားဖြင့် ပြန်အိပ်ခဲ့ကြပါသည်။ သို့သော်
ကားအတွင်းမှ ဆေးပြင်းလိပ်အနံ့တစ်ခု ထွက်လာပါသည်။
သူတို့လေးဦးစလုံး ဆေးလိပ်သောက်သူများ မဟုတ်ပါ။ ဆေးပြင်း
လိပ်အနံ့သည် အဘယ်ကြောင့် ကားအတွင်းမှ ထွက်လာသည်
ကို သူတို့ အဖြေရှာမရပါ။

မိုးလင်းကာနီး နံနက် (၄)နာရီခန့်တွင် သူတို့ ကားနံဘေးသို့
ရောက်ရှိလာသည့် ကမ်းခြေစောင့် ရဲတပ်ဖွဲ့ဝင်ထံမှ သတင်း
တစ်ခုကို သူတို့ သိခဲ့ရပါသည်။ လွန်ခဲ့သော နှစ်က ဤနေရာ၌
ဆေးပြင်းလိပ် အင်မတန် ကြိုက်နှစ်သက်သော အဖိုးအိုတစ်ဦး
Homecar အတွင်း လဲကျ သေဆုံးခဲ့သော သတင်းပင် ဖြစ်ပါသည်။


-စစ်ငြိမ်းဒီရေ
Read more »

Friday, 25 May 2012

ပြည်မြို့ ဖယောင်းတိုင် လှုပ်ရှားသူများအား အကြမ်းဖက်ခဲ့သည် မြင်ကွင်း (ရုပ်သံ)

နောက်ကြောင်း ပြန်မလှည့်ပါဘူး ...
ရှေ့ရိုးစွဲဝါဒီများနှင့် လမ်းခွဲမည် ...
စသဖြင့် ကြွေးကြော်ထားသော သမ္မတကြီး
ကြားသိပါစေ ...
Read more »

Thursday, 24 May 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးနိုင်ငံခရီးစဉ်

ရေးသူ- (ကို)မိုးမောင်မောင်

နော်ဝေးနိုင်ငံ ဝန်ကြီးချုပ်ရဲ့ တရားဝင် ဖိတ်ကြားချက်အရ
ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံသို့  ဇွန်လ ၁၅
ရက် ၂၀၁၂ မှ ဇွန်လ ၁၈ရက် ၂၀၁၂ ထိ လာရောက်
လည်ပတ်မှာဖြစ်ပါတယ်။


သူမရဲ့ နော်ဝေးနိုင်ငံခရီးစဉ်အတွင်းမှာ နော်ဝေးနိုင်ငံဝန်ကြီးချုပ်
နဲ့ ၎င်း၊ နော်ဝေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ ၎င်း တွေ့ ဆုံ
ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ပြီးတော့ နော်ဝေးနိုင်ငံ အော်စလို
မြို့မှာ ကျင်းပမယ့် နိုဘယ်ဆုရှင်များရဲ့ အတွေ့ အကြုံများ
ဖလှယ်တဲ့ Oslo Forum ကိုတက်ရောက်မှာဖြစ်ပါတယ်။
ဇွန်လ ၁၆ ရက် ၂၀၁၂ ခု နေ့ လည် ၁- နာရီမှာ အော်စလို
မြို့တော်ခန်းမ မှာ Nobel Prize committee မှ
half ceremony အဖြစ် ကျင်းပမယ့် နိုဘယ်ဆု ပေးအပ်ပွဲ
မှာ တက်ရောက်ပြီး ဆုလက်ခံယူခြင်းနဲ့ မိန့် ခွန်းပြောကြား
ခြင်းကို ပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာ ဂရင်းဟိုတယ် မှာရှိတဲ့ နိုဘယ်ဆုရှင်များ
တည်းခိုရာ Nobel suit အခန်းရဲ့ ဝရံတာ ကနေ စီတန်းလှည့်လည်
လာတဲ့ လူထုကြီးကို နှုတ်ဆက်မှာဖြစ်ပါတယ်။
Amnesty International အဖွဲ့ကလည်း လူထုစည်တန်း
လှည့်လည်ပွဲကြီးဖြစ်မြောက်ဘို့  အစီအစဉ်တွေ အကုန်ပြီးမြောက်
နေပြီလို့ ဆိုပါတယ်။

ဇွန်လ ၁၈ရက် ၂၀၁၂ ခုနှစ်မှာ နော်ဝေးနိုင်ငံ Bergen မြို့ရှိ
Rafto foundation ကို သွားရောက်မှာဖြစ်ပြီး၊ (၁၉)ရက်နေ့ မှာ
ဘဲ ဗြိတိန်နိုင်ငံ ပါလီမန်မှာ မိန့် ခွန်းပြောကြားဘို့ နဲ့ သူမရဲ့
မွေးနေ့ ပွဲကို ကျင်းပဘို့ အတွက် တပတ်ကြာခရီးစဉ်အဖြစ်
ဗြိတိန်နိုင်ငံကို ထွက်ခွာမှာဖြစ်တယ်လို့  နော်ဝေးနိုင်ငံရဲ့
အဓိက ရုပ်သံလွှင့်ဌာနကြီးဖြစ်တဲ့ NRK ရဲ့  သတင်းတပုဒ်ကို
ကိုးကားပြီးတင်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုလက်ခံရယူပွဲအတွက်
လူ ၁၀၀၀ စာ နေရာ ရှိပြီး postmaster@nobel.no သို့
အင်တာနက်မှတဆင့်ကြိုတင်လျောက်ရမှာဖြစ်ပြီး မေလ ၃၁
ရက် ၂၀၁၂ ခုနှစ်မှာလျောက်လွှာလက်ခံတဲ့ရက် ကုန်ဆုံးမှာ
ဖြစ်ပါတယ်။ သိရသလောက်လျောက်ထားပြီးသူ များပြား
လှတဲ့အတွက် အန်တီစုရဲ့ မိန့် ခွန်းကို တက်ရောက်
နားထောင်ခွင့်ရတဲ့ ကံကောင်းသူ တယောက်ဖြစ်ကြပါ
စေလို့  ဆုတောင်းပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောမယ့်မိန့် ခွန်းမှာ ၁၉၉၁ ခုတုံးက
သူမကိုယ်စား ဆုတက်ရောက်လက်ခံယူခဲ့တဲ့ သားကြီးနဲ့တုံးက
မမှာလိုက်နိုင်တဲ့ သူမရင်ထဲက အတွေးအခေါ် ခံစားချက်တွေ
အများကြီးပါလိမ့်မယ်လို့  နိုင်ငံတကာမှ နိုင်ငံရေးသမားများက
မျှော်လင့်နေကြတယ်လို့ ကြားမိပါကြောင်း။

-မိုးမောင်မောင်
Read more »

Tuesday, 22 May 2012

လျှပ်စစ်မီး ပုံမှန် ရရှိရေး အေးချမ်းစွာ ဆန္ဒပြုသူများအား လွှတ်ပေးပါ


နောက်ကြောင်း ပြန်မလှည့်ဘူး ..... ရှေ့ရိုးစွဲ ၀ါဒီတွေနဲ့
လမ်းခွဲမယ်လို့ ကြေညာထားတဲ့ အစိုးရဟာ လွတ်လပ်စွာ
စုဝေးခွင့်ကို ဥပဒေနဲ့အညီ ခွင့်ပြုရမယ်၊ ဆန့်ကျင်မှုတွေကို
အင်အားသုံး ဖြိုချနိုင်လို့ ရလာတဲ့ အရာဟာ အောင်ပွဲ
လုံးဝ မဟုတ်ဘူး၊ အပ်နဲ့ထွင်ရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့
ပေါက်တာပဲ ဖြစ်တယ်၊ စစ်ဆေးမေးမြန်းဖို့ ခေါ်ယူသွားသူ
တွေကို အမြန်ဆုံး လွှတ်ပေးပြီး ဥပဒေနဲ့အညီ စုရုံးစုဝေးဖို့
အပေးအယူ လုပ်သင့်ပါတယ် ......


ဖမ်းဆီးထားခြင်း ခံရသူများ အမည်စာရင်း

(၁) True News ဂျာနယ်၏ မန္တလေးသတင်းထောက်၊
စိမ်းရောင်စိုလှုမှုကူညီရေးအဖွဲ့နှင့် အခြားသော လူမှုရေးရာ
အဖွဲ့များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ
ကိုမင်းထက်ငြိမ်းချမ်း

(၂) လူထုဒေါ်အမာ၏ သားထွေး စာရေးဆရာ (ဦး)ညီပုလေး

(၃) စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ ဥက္ကာကျော်

(၄) အာရှအလင်းရောင် ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၏
လက်ခွဲ အာရှအလင်းရောင်ဖောင်ဒေးရှင်း(မန္တလေး)
တာဝန်ခံ၊ မန္တလေးတိုင်း NLD ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင်
လူမှုရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းမြင့်

(၅) မန္တလေးတိုင်းဒေသကြီး NLD မှ ဦးဇော်ဝင်းအောင်
ဦးလှမိုး၊ ဦးချစ်တင်၊ ဒေါ်ခင်သန်းညွှန့်
(မန္တလေးတိုင်းဒေသကြီး NLD ဘဏ္ဍငွေရှာဖွေရေးအဖွဲဝင်)


နောက်ဆုံးရရှိသော သတင်း

7 Day New Journal ၏ facebook စာမျက်နှာမှ ...

ယနေ့(မေ၂၂)နံနက်အစောပိုင်းကခေါ်ယူစစ်ဆေးခံ
ခဲ့ရသောမန္တလေးမြို့မှ စာရေးဆရာညီပုလေးသည်
၁၂နာရီဝန်းကျင်တွင် သူ၏နေအိမ်သို့ပြန်လည် ရောက်ရှိ
လာပြီဖြစ်သည်။ ဆရာညီပုလေးကိုဖုန်းဖြင့်ဆက်သွယ်
မေးမြန်းရာ ယခုကဲ့သို့ဖြေကြားသည်။

“မန္တလေးမှာ နှစ်ရက်ကြာ ဖြစ်ပေါ်ခဲ့တဲ့ CandleLight
အဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေပါလဲ။
ဘယ်အဖွဲ့စည်းက ဦးဆောင်သလဲ။ ဘယ်သူတွေ
ပါဝင်ပတ်သက်နေလဲဆိုတာ သိရင်ပြောဖို့
ကျွန်တော့ကို ပြောပါတယ်။ ကျွန်တော့ကို လူကြီးလူကောင်း
တစ်ယောက်လို ကောင်းကောင်း မွန်မွန်ဆက်ဆံပါတယ် ။
ကျွန်တော်က ဒါတွေနဲ့ကင်းကင်းရှင်းရှင်းနေပါတယ်။
အဓိကက ဒီဆန္ဒပြတဲ့ ဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်နေတာကို
သူတို့ မြင်သွားတယ် ထင်ပါတယ်။ နောက်တစ်ချက်က
ကျွန်တော် နိုင်ငံရေးလုပ်လို့ ထောင်ကျဖူးတာ သူတို့
သိထားတဲ့ အတွက် ဒီလိုခေါ်ပြီး မေးတယ်လို့
ထင်ပါတယ်။ ကျွန်တော် ၁၂နာရီ ကျော်ကျော်လောက်
ပြန်ထွက်လာတော့ ဆရာမင်းထက်ငြိမ်းချမ်းကိုတွေ့ခဲ့တယ်။
ဆရာက ကျွန်တော့ကို ပြုံးပြုံးရွှင်ရွှင်ဘဲ လှမ်းနှုတ်ဆက်
လိုက်ပါသေးတယ်။ သူကတော့ ခုထိ ပြန်မလာ
ရသေးဘူးပေါ့။ နောက်တစ်ခု အက်ဘီတွေက
ပြောပါသေး တယ်။ ဆန္ဒပြတဲ့လူတွေကိုသိရင်ပြောပေးပါ။
သူတို့ကို လျှပ်စစ်ပြည်ထောင်စု ၀န်ကြီးနဲ့တွေ့ပေးပြီး ၀န်ကြီး
တွေက ရှင်းပြပေးချင်တာပါလို့ ပြောပါတယ်။ နောက်တစ်ခုက
ဆန္ဒပြတဲ့ ဥပဒေကြမ်းကမပြီးသေးဘူးဆိုတဲ့အချက်ကို
ထောက်ပြပါတယ်။'
Read more »

Monday, 21 May 2012

မန္တလေးမြို့တွင် ရှင်ပြန်ထမြောက်ခဲ့သော ဒိုင်အော်ဂျီးနက်စ်


သခင်ယေရှုမပေါ်ခင် ဘီစီ လေးရာမှာ
နေ့ခင်းကြောင်တောင် မီးအိမ်ထွန်းပြီး
အမှန်တရားကို လိုက်လံရှာဖွေသော
သစ္စာတရားကို လိုက်လံရှာဖွေသော
ယုံကြည်မှုကို လိုက်လံရှာဖွေသော
ဒိုင်အော်ဂျီးနက်စ်တစ်ယောက်
မနေ့ညက
မန္တလေးမြို့တွင် ရှင်ပြန်ထမြောက်သတဲ့

မြို့ရိုးကြီးလည်း မမြင်ခဲ့ရပါဘူးတဲ့
နန်းတော်ကြီးလည်း မတွေ့ရပါဘူးတဲ့
ရွှေကျောင်းကိုလည်း ရှာလို့မရပါတဲ့
ဘုရားကြီးဖက်လည်း မှန်းဆလို့မရပါတဲ့
ငွေငန်းဟာလည်း အဖြူရောင်ရှိသလားတဲ့
နန်းတော်ရှေ့မှာ ဆရာတင်တို့ နေခဲ့ဖူးသလားတဲ့
သုဓမ္မာဇရပ်တွေအကြားမှာ ပိုးစုန်းကြူးတွေ ရှိသလားတဲ့

ခုနှစ်ဆောင်တိုက်ခန်းတွင်
အလင်းရောင်ပေးနိုင်သော
ပပ၀တီအား ရှာမတွေ့ခဲ့
ပတ္တမြားငမောက်အား ရှာမတွေ့ခဲ့

သီပေါဘုရင် မျက်နှာတော်အား
ဖူးတွေ့ဖို့အရေး
လျှပ်စစ်မီးတော့
ပေးသနားတော် မူ …..... ။ ။


-စစ်ငြိမ်းဒီရေ

(*ဒိုင်အော်ဂျီးနက်စ်= Diogenes)
Read more »

Tuesday, 24 April 2012

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော်

ရေးသူ- (ကို) မောင်မောင်ဝမ်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲ
မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုအနိုင်ရရှိခဲ့တယ်
ဆိုတာ.. အားလုံးအသိဖြစ်ပါတယ်… သို့သော် လွှတ်တော်
တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်
လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်.. ဒီကိစ္စဟာ သာမန်
ကြည့်မယ်ဆို… အသေးဖွားလေးလိုလို…ကျော်လွှားသွားရင်ပဲ
ဖြစ်တော့ မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော်
ကိုယ်စားလှယ်ဆိုသူများရဲ့အင်တာဗျူးများကိုလည်း နားထောင်
လိုက်ရပါတယ်….။


လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက်
(အင်္ဂလိပ်လို) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့... နိုင်ငံတွေက
…ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီး
ပြောသွားလေရဲ့…ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေ
ချည်းပဲ…သူပြောသွားတာက………
အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.
ဂျာမနီမှာ ဆိုရင် - Defend of the visit law.
ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.
ဂရိမှာလည်း ဒီတိုင်းပဲ...
အိန္ဒိယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.
ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.
စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the
Constitution of the Republic of Singapore.

ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်...
ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူ
တစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့
နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့
စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာ
ခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ
ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုး
တယ်။ (facebook မှာ တယောက်တင်ထားတဲ့ ဟာပါ )

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ..ကျမ်းသစ္စာကျိန်ဆိုချက်မှာ..
အင်္ဂလိပ်လိုသူပြောသွားတဲ့အထဲက (defend) ကာကွယ်ပါမည်
ဆိုတာ တလုံးမှ မပါဘူး…. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက
ကျမ်းကျိန်ချက်

SCHEDULE FOUR
Form of Oaths or Affirmation
(Refer to Section 125)
I ................ do solemnly and sincerely promise that as
an elected representative of the Pyithu Hluttaw/ the
Amyotha Hluttaw/ the Region or State Hluttaw, I will
uphold and abide by the Constitution of the Union.
I will be loyal to the Republic of the Union of Myanmar
and citizenry and hold always in esteem non-disintegration
of the Union, non-disintegration of national solidarity and
perpetuation of sovereignty. In addition, I will carry out the
responsibilities uprightly to the best of my ability.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..
ဝေါဟာရပြသနာမဟုတ်ပါ ယုံကြည်ချက်ပြသနာဖြစ်သည်.. ဒီကိစ္စကို
ပေါ့ပေါ့သဘောထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်း
သစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..
အဓိပ္ပါယ်က.. (To maintain or affirm against opposition -
မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါမည် ၊ To prevent from
falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......
စဉ်းစားကြည့်ပါ.... NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာ
က...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ် ဆိုတာ...အဓိကမူ...ဒီကိစ္စကို လွယ်လွယ်
လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထုကို ပေးထားတဲ့ ကတိဖျက်ရာ
မရောက်ဘူးလား... NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လူထု
ဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။

အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့
အရာမဟုတ်…အရေးကြီးပါတယ်..လွှတ်တော်ထဲမှာ ဖြေရှင်းတယ်
ဆိုတာ….တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်… အချက်
အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ
လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ…ကိုယ်ထင်တာ
မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ…
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။
(မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး ) ဆက်ရှင်း
ပါမယ်…..အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုက
သတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်….အခု လူထုခေါင်းဆောင်ဆိုတာ
ဥပဒေအရပါ..( Legally ) လူထုခေါင်းဆောင်ဖြစ်သွားတယ်….။

တခါ ( defend ) ကာကွယ်ပါမည် ဆိုတဲ့စကားလုံးသုံးရအောင်လည်း
…၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ ညီညွတ်
အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီ
ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာ
မလိုလောက်တဲ့ အနေထားမို့ သုံးတာ….။ အမေရိကန်ပြည်ထောင်စုမှာ
ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး…ကွန်ဂရက်
မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် (နိုင်ငံတော်တော်များများလည်း
ဒီအတိုင်းပါပဲ )…

A solemn affirmation or declaration, made with an appeal to
God for the truth of what is affirmed. The appeal to God in
an oath, implies that the person imprecates his vengeance
and renounces his favor if the declaration is false, or if the
declaration is a promise, the person invokes the vengeance
of God if he should fail to fulfill it. A false oath is called perjury.”

ဆိုလိုရင်းကို ဆီလျှော်အောင်တင်ပြပါမယ်….ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆို
တာ အတည်ပြုပြဌာန်းထားချက်များသည် အမှန်များဖြစ်ပါသည် ဒီအတိုင်း
လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်
တာ….။ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..
(လူသားမဆိုထားဘိ ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိ
သစ္စာပြုပြီး..လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့
ခေါ်တယ်။

ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား…..။ပြင်စရာ
မလိုလောက်အောင်နီးပါးရှိနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက်
အကြောင်းမဟုတ်လှပေမဲ့…ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို… လွယ်လွယ်ကူကူနဲ့..တို့ကတော့ လူထု
က တရားဝင်ရွေးချယ်တင်မြှောက်လိုက်တဲ့..လွှတ်တော် ကိုယ်စားလှယ်
တွေဖြစ်ပြီ…လွှတ်တော်ထဲ ၀င်ကြစို့ ဆို လုပ်လို့မရ..လွှတ်တော် တံခါး
ဝမှာ..ဆီးပိတ်ထားသော ကျမ်း သစ္စာကျိန်ဆိုခြင်း..ဆိုတဲ့ အရာကြီးရှိနေပါတယ်…ဒီတံခါးနောက်ကနေ..လက်ယပ်ခေါ်နေမှု့များကို…
လူပြိန်းဆန်သည်ဟုပြောချင်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို
စမလုပ်တာလဲ ....

လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန်
ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ…
တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ… မှတ်ပုံတင်ပြီး
သည့် တိုင်အောင်လည်း….လူထုကရွေးချယ်တင်မြှောက်အပ်နှင်း
ထားတဲ့ (Mandate) ပါဝါ မရှိသေးပါ…..ယခု အချိန်ကာလသည်…
ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေး
များနှင့်အညီ ကိုက်ညီနေပြီဖြစ်သောကြောင့်…. ဖွင့်ဟညွှန်ပြလိုက်ခြင်း
ဖြစ်သည်ဟု ယုံကြည်မိပါတယ်။ (၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့
အငြင်းပွားမယ်ဆိုရင်တော့…အဓိပ္ပါယ်တွေ အများကြီး ထွက်နိုင်ပါတယ်
..သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား
တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့
လိုကောင်းလိုပါလိမ့်မည်)

ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း
(Oaths or Affirmation ) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်
အကောင်ထည်ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်
တွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၀င်ရောက်
ဆောင်ရွက်ရန်အခြေနေမပေးသော်လည်း…
လွှတ်တော်တွင်း ရှိနေသော…ပါတီအသီးသီး ၊ တသီးပုဂ္ဂိုလ
အသီးသီးကနေ..ဒီကိစ္စကို စတင် တင်ပြဆွေးနွေး…ဖြင့်
စတင်နိုင်မယ်လို့ ထင်ပါတယ်… .လွှတ်တော်ပြင်ပမှာ ရှိနေ
တဲ့ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများမှလည်း…
ဝိုင်းဝန်း ဖိအားပေး ကြိုးစားလုပ်ဆောင်ဘို့လိုပါလိမ့်မည်။

ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
(ဈေးသည် စကားနဲ့ပြောရရင်) ဈေးဦးဖောက်ဖြစ်ပါတယ် …
ဈေးဦးဖောက်မှာ…အလားအလာမကောင်းရင်… ဈေးရောင်း
မကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ
စိုးရိမ်မိပါတယ်…..အောင်မြင်ခဲ့မယ်ဆိုရင်…၂၀၀၈ ဖွဲ့စည်း
အုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် (First Amendment)
အဖြစ် သမိုင်းတွင်နေပါလိမ့်မယ်…အမေရိကန်ပြည်ထောင်စုရဲ့
ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် (Bill of Right)ဟာ
လူသန်းပေါင်းများစွာ ကိုနှစ်ပေါင်းများစွာ စောင့်ရှောက်သွားနိုင်သလို
မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment )
ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကိုစတင်ဖွင့်လှစ်ပြီး အာဏာရှင်
တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။


အားလုံးကိုလေးစားစွာဖြင့်

-မောင်မောင်ဝမ်း
Read more »